
ယဉ်ကျေးမှု လူ့အဖွဲ့စည်းနှင့် ညီမျှခြင်း မညီမျှခြင်းများ အကြောင်း (လူမှုရေးသိပ္ပံမိတ်ဆက်)
စာရေးသူ - ဖေမြင့်
အကျဉ်းချုပ်
လူမှုရေးသိပ္ပံသည် အဆိုပါ လူ၏သဘော လူ့အဖွဲ့အစည်းတို့၏ သဘောကို ဘက်စုံ ထောင့်စုံ ကဏ္ဍစုံတို့မှ စူးစမ်းလေ့လာတင်ပြသော ဘာသာရပ်ဖြစ်သည်။
လူမှုရေးသိပ္ပံက လေ့လာသည့် အကြောင်းအရာများထဲတွင်၊
မိသားစု၊ မျိုးနွယ်စု၊ ဒေသသား၊ ဘာသာဝင်၊ အမျိုးဇာတ်၊ လူအတန်းအစား စသဖြင့် လူတို့ ခွဲခြားသိမှတ်ကြပုံများ၊
ယဉ်ကျေးမှု၊ ထုံးဓလေ့နည်းနာ့၊ ဘာသာတရား၊ လူမှုကျင့်ဝတ်၊ ဆောင်ရမည့်အရာ၊ ရှောင်ရမည့်အရာ၊ စသဖြင့် လူတို့ ခံယူကျင့်သုံး ကြပုံများ၊
လူမှုအဖွဲ့အစည်းများအတွင်း စီးပွားရေးစနစ်၊ နိုင်ငံစီမံအုပ်ချုပ်ပုံ စနစ်၊ မြို့ပြစနစ်၊ ပညာရေး ကျန်းမာရေးစနစ်၊ လူမှုဆက်ဆံရေးစနစ် စသည်တို့ တည်ရှိနေပုံများ၊ စသည်တို့အပြင်၊
အစဉ်အလာ လူ့အဖွဲ့အစည်း၊ ခေတ်သစ်လူ့အဖွဲ့အစည်း၊ ခေတ်သစ်လွန် လူ့အဖွဲ့အစည်း စသည်တို့၏. သဘောသဘာဝများ၊ လူ့အဖွဲ့အစည်းများအတွင်း အပြောင်းအလဲတို့ ဖြစ်ပေါ်ပုံသဘောနှင့် အနာဂတ် လူ့အဖွဲ့အစည်းတို့ မည်သို့မည်ပုံ ရှိနိုင်ပုံ အကြောင်းများ အပါအဝင် လူ့အဖွဲ့အစည်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာစုံတို့ ပါဝင်သည်။
သိပ္ပံနည်းကျ လေ့လာသည့် ဘာသာရပ်ဖြစ်သော်လည်း၊ လူတို့၏ အမူအရာစုံ အဖြစ်သနစ်စုံတို့ကို စီစဉ်တင်ပြထားခြင်းဖြစ်ရာ၊ အချို့သောပညာရပ်များကဲ့သို့ ခြောက်သွေ့လေးလံ မနေဘဲ၊ ဝတ္ထုများ၊ အတ္ထုပ္ပတ္တိ များ၊ သမိုင်းဖြစ်ရပ်များကို ဖတ်ရသကဲ့သို့ စိတ်ဝင်စားဖွယ်ကောင်းသည်။ ထို့ကြောင့် ဗဟုသုတနယ်ပယ် ဖြန့်ကြက်လိုသည့် စာသမားတို့အတွက် တန်ဖိုးရှိသည်။ ထို့ပြင်၊ နိုင်ငံရေး စီးပွားရေး လူမှုရေး နယ်ပယ်များတွင် လှုပ်ရှားပါဝင်လိုသူ၊ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲ လိုသူတို့အတွက်မူ မဖြစ်မနေ လေ့လာထားသင့်သည့် ဘာသာရပ်တစ်ခု ဖြစ်သည် ဟုဆိုချင်သည်။