
အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ
စာရေးသူ - ဖေမြင့်
အကျဉ်းချုပ်
နွားစားခွက်လား သီဟာသနပလ္လင်လား
ကျွန်းတုံးကြီးတစ်တုံးကို အခေါင်းထွင်းပြီး နွားစားခွက်လုပ်၍ရသည်။
အချို့လူများလုပ်လည်းလုပ်သည်။
ထိုကျွန်းတုံးကိုပင် ခုတ်ထစ်ဖြတ်ပိုင်း၍ ထင်းအဖြစ်အသုံးပြုလျှင်လည်းရသည်။
အချို့လည်း တကယ်သုံးကြသည်။
သို့သော် ထိုကျွန်းတုံးကိုပင် ခုတင်၊ ဗီဒိုပြုလုပ်နိုင်သည်။ သလွန်ညောင်စောင်း ပြုလုပ်နိုင်သည်။
ထို့ပြင် ရာဇပလ္လင် တည်ဆောက်၍လည်း ရပေသည်။
သင်ဘယ်လိုသုံးမည်လဲ။
ကျွန်းသစ်ဟု ဆိုလိုက်သည်နှင့် တန်ဖိုးက ရှိပြီးသားဖြစ်သည်။
သူ့ကို ရာဇပလ္လင်အဆင့်ထိရောက်အောင် မြှင့်တင်ပေးမည်လား၊
လောင်စာပစ္စည်းအဆင့်ထိကျအောင် နှိမ့်ချပစ်မည်လား၊
သင့်အပေါ်မှာ မူတည်ပါသည်။
ထိုနည်းတူ-
လူ။ အင်ကညင်ကြားထဲမှာ ကျွန်းတစ်ပင် တန်ဖိုးရှိလှသလို သတ္တဝါလောကထဲမှာ လူဟူ၍
မွေးဖွားလာပြီဆိုကတည်းက အဖိုးတန်ပြီးသားဖြစ်သည်။
သို့သော် ကျွန်းတုံးချင်းအတူတူ နွားစားခွက်ဖြစ်သူဖြစ်၊ ရာဇပလ္လင်ဖြစ်သူဖြစ်ရသကဲ့သို့
မူလဇာတိသဘောအရ အဖိုးတန်လှပါသည်ဆိုသော လူသတ္တဝါချင်းအတူတူ
နိမ့်ကျသူများရှိသလို အထွတ်အထိပ်သို့ရောက်ရှိသွားသူတွေလည်းရှိကြသည်။
သင်ကော ဘာဖြစ်ချင်သလဲ၊ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ၊
သင့်အပေါ်မှာပဲမူတည်သည်။
ကျွန်းတုံးကတော့သက်မဲ့ဖြစ်သဖြင့် သူ့ဘဝကိုသူမဖန်တီးနိုင်၊ သူ့အနာဂတ်ကို သူမမှန်းမျှော်နိုင်။