
လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် (ပထမတွဲ)
အကျဉ်းချုပ်
ပါမောက္ခချုပ်ဆရာတော် အနယ်နယ် အရပ်ရပ်တွင် ဟောကြားတော်မူခဲ့သော “လောကသားတို့ အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်” သို့မဟုတ် “အမြင်သစ် ဗုဒ္ဓဝင်” ဟောစဉ်တရားများကို ဆရာတော်၏ ခေါ်ယူ တာဝန်ပေးချက်အရ အသံဖိုင်မှ စာအုပ်အဖြစ် ပြင်ဆင် ဖန်တီးခဲ့ရပါသည်။
ထိုသို့ပြင်ဆင်ရာ၌ သုတ္တန်အညွှန်းများ၊ ပါဠိစကားလုံးများ တတ်နိုင်သမျှ အမှားအယွင်း နည်းနိုင်သမျှ နည်းရန် ဆရာသမားများဖြစ်သော မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝါဆိုကျောင်းဘုန်းကြီး ဇယမေဒနီ အရှင်နန္ဒိယ (ဒီဃဘာဏက)၊ ရတနာပုံ ရွှေနှင်းဆီကျောင်းဘုန်းကြီး ဥုးဝေဠုရိယ၊ ဥုးဝိစက္ခဏ၊ ဥုးပညိဿရ တို့နှင့် အဖွဲ့ငယ်လေးဖွဲ့ကာ တိုက်ဆိုင် ရှာဖွေ ပြင်ဆင်ခဲ့ရသည်မှာ လေးလခန့် ကြာမြင့်ခဲ့ပါသည်။
ဆရာတော်၏ ဟောစဉ်များမှာ “လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်” ခေါင်းစဉ် တစ်ခုတည်းအောက်မှာပင် အပိုင်း(၈၂)ပိုင်း ရှိပါသည်။ ထပ်မံ၍ နောက်အပိုင်း (၄၂) ပိုင်းကို ယခုနှစ်တွင် တတိယတွဲနှင့် စတုတ္ထတွဲကို အပြီးသတ် ထုတ်ဝေနိုင်လိမ့်မည် ဖြစ်သည်။
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးအတွက် ဗုဒ္ဓမြတ်စွာ၏ ကြိုးပမ်းတော်မူခဲ့ပုံကို ၈၂-ည တိုင်တိုင် ဟောတော်မူခဲ့သော တရားတော်ကြီး ဖြစ်သည်။
ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူသည်မှစ၍ ပရိနိဗ္ဗာန်စံသည့်တိုင်အောင် ၄၅-ဝါ ကာလအတွင်း ဗုဒ္ဓ မြတ်စွာ၏ ဖြစ်တော်စဉ်များ၊ လောကသားတို့အတွက် ဆင်းရဲဒုက္ခခံ၍ ကယ်တင်ခဲ့ပုံများကို ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးရပ်တို့မှ ထုတ်နုတ် ဟောကြားထားပေသည်။
ဤကျမ်းစာကြီး၏ ထူးခြားချက်မှာ ဗုဒ္ဓမြတ်စွာအား အနန္တတန်ခိုးရှင်ကြီးအဖြစ် မဟုတ်ဘဲ မဟာ လူသားကြီး၊ မဟာကရုဏာရှင်ကြီးအဖြစ် သရုပ်ဖော် ဟောကြားထားခြင်းဖြစ်သည်။