
လူငယ်များနှင့် မေးကြဖြေကြဓမ္မဝိနယ (စတုတ္ထတွဲ)
စာရေးသူ - အရှင်အဘယာလင်္ကာရ
အကျဉ်းချုပ်
လူငယ်များနှင့် မေးကြဖြေကြ ဓမ္မဝိနယအမေးအဖြေ ပြုလုပ် ကျင်းပခဲ့သည်မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ၈ ကြိမ်တိုင်ခဲ့ပါပြီ။ ယခုအခါ အသံဖိုင်မှ စာအုပ်အဖြစ် ကူးယူပူဇော်ခွင့် ရရှိခဲ့ပါပြီ။ ကူးယူပူဇော်ခွင့်ပြုသော မဟာဝိဟာရကျောင်းတိုက် (လှည်းကူး) မှ ဆရာတော် အရှင်အဘယာလင်္ကာရအား ဝမ်းမြောက်ဝမ်းသာ ကျေးဇူး တင်ရှိပါသည်။
ဆရာတော်က လူငယ်လူရွယ်များ ဒကာ၊ ဒကာမများအတွက် မြတ်ဗုဒ္ဓ၏ ဓမ္မနှင့် ဝိနည်းတရားတော်များကို နားလည်ကျွမ်းကျင်လာ စေရန် အလှူဒါနများကို အပ်အပ်စပ်စပ် ပြုလုပ်တတ်စေရန်၊ ကုသိုလ်၊ အကုသိုလ်အကြောင်း သိမြင်လာပြီး စိတ်ထားတတ်စေရန်၊ ဗုဒ္ဓဘာသာ ဝင်ကောင်းတစ်ယောက်ဖြစ်လာစေရန် စသော ရည်ရွယ်ချက်များစွာနှင့် မေးကြဖြေကြ ဓမ္မဝိနယအစီအစဉ် ကျင်းပပြုလုပ်ခဲ့ခြင်းကို တွေ့ရှိရပါ သည်။
မေးကြဖြေကြ ဓမ္မဝိနယအစီအစဉ်သည် လူပုဂ္ဂိုလ်များအတွက် သာမက စာသင်သား ရဟန်းသံဃာ၊ သာမဏေများအတွက်ပါ သာသနာအတွင်း ဝိနည်းနှင့်အညီ ကျင့်ကြံအားထုတ်နေထိုင်တတ်ရန် လမ်းညွှန် ဆုံးမထားချက်များ ပါဝင်နေပါသည်။
ခက်ခဲနက်နဲလှသော ဝိနည်းတော်နှင့်ပတ်သက်ပြီး အမေးအဖြေ များ၊ ကျမ်းစာများ၊ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ ဆွေးနွေးခဲ့ကြပါ သည်။ ဝိနည်းတော်သမုဒ္ဒရာသည် နက်နဲကျယ်ဝန်းလှသဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာလည်း သိချင်စရာများ၊ မေးစရာများ အမြဲတမ်း ပေါ်ထွက် နေပေလိမ့်မည်။
မေးကြဖြေကြ ဓမ္မဝိနယအစီအစဉ်က ခေတ်နှင့်အညီ မေးထား သော သိသင့်သိထိုက် မေးသင့်မေးထိုက်သော မေးခွန်းများကို တိကျစွာ ဖြေဆိုထားသော အစီအစဉ်ကောင်းတစ်ခု ဖြစ်ပါသည်။ ဖြေပေးသည့် ဆရာတော်ကလည်း အထောက်အထား ကျမ်းညွှန်းများအစုံအလင်ဖြင့် ဖြေပေးသည်ကို ယခုစာအုပ်တွင် ဖတ်ရှုရပါမည်။
ဤစာအုပ်သည် လူပုဂ္ဂိုလ်၊ ရဟန်းသာမဏေများ အားလုံး အတွက် အသိပညာ၊ အမှတ်သညာပေးနိုင်သော စာအုပ်အဖြစ်သာမက လိုက်နာကျင့်ကြံအားထုတ်ဖွယ်ရာများကိုပါလမ်းညွှန်ထားသည့်စာအုပ် ဖြစ်ပါကြောင်း အနုမောဒနာစကား ဆိုလိုက်ပါသည်။